အကောင်ကြီးကြီးနဲ့ လတ်လတ်ဆတ်ဆတ်စားလို့ရမယ့် ငါးကင်ဆိုင်

  • 7 years ago
ဒီတပတ် 7DayTV ရဲ့ street food အစီအစဉ်ကနေ ငါးကင် ကြိုက်နှစ်သက်သူတွေ အတွက် အကောင်အကြီးကြီး လတ်လတ်ဆတ်ဆတ် စားရမယ့် ငါးကင်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီဆိုင်လေးကတော့ ရောင်းချတာ လပိုင်းပဲရှိသေးပေမယ့် ဝန်ဆောင်မှုနဲ့ အရသာတွေကြောင့် စားသုံးသူတွေလည်းသတိပြုမိလာတဲ့ ဖက်တီးငါးကင်ပါ။ မာလာငါးလို့လည်းခေါ်ကြတဲ့ တီလားဗီးယားငါးကို ခဲပတ် ၊ အချို ၊ အစပ် အရသာ သုံးမျိုးရနိုင်ပြီး ၊ ထောပတ်နဲ့ အရွက်အမွှေးအကြိုင်တွေကို သုံးကာ ၊ သဘာဝအရသာအတိုင်း ဆားနဲ့ သကြား အနည်းကိုသာ အရသာစပ်ဟပ် ရောစပ်ထားတာမို့ အချိုမှုန့်ရှောင်သူတွေ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

တစ်ကောင်ကို အချိန် ၁ ပိသာ လောက်ရှိတာမို့ မိတ်ဆွေ သူငယ်ချင်း မိသားစုဝိုင်းဖွဲ့စားသောက်ဖို့ အဆင်ပြေမှာပါ။ အကောင်ကြီးတဲ့ အတွက် ကင်တဲ့အခါမှာ တချို့ မကျက်တာ၊ အပေါ်ယံ အရေခွံတွေနဲ့ အသားတချို့ တူးကုန်တာ စတဲ့ပြဿနာတွေလဲ မရှိဘဲ မီးအချိန်ဆ မျှမျှနဲ့အချိန်ယူ သေချာကင်ပေးထားတယ်လို့ ဆိုင်ရှင်ဦးကျော်ခိုင်က ဆိုပါတယ်။

အချဉ်ရည်ဖျော်စပ်ပုံကလည်း ငါးကင်အရသာနဲ့လိုက်ဖက်သလို၊ ဂျပန်အပ်မှိုကင်နဲ့ ရုံးပတီသီးကင်ကတော့ တွဲဖက်စားသုံးဖို့ အရံထည့်ပေးထားတာပါ။

ငါးကင် အချို၊အစပ်က တစ်ကောင်ကို ငါးထောင်ကျပ်နဲ့ ခဲပတ်ကတော့ ခြောက်ထောင်ကျပ်ပါ။ ဘယ်အကောင်ကြီးလဲ ဆိုတာ ရွေးနေစရာမလိုအောင် အကောင်အရွယ်အစားတွေကအစ အနီးစပ်ဆုံးတူညီအောင် ဂရုစိုက်ထားပြီး ဝယ်ယူရာမှာလဲ ဒိုက်စော်၊ ရွံ့စော် မနံရအောင် ဂရုစိုက်ရွေးချယ်ဝယ်ယူထားတယ်လို့ ဆိုပါတယ်။

ဖက်တီးငါးကင်က ဆိုင်မှာ ထိုင်စားတာထက် ပါဆယ်ဝယ်ယူသူက ပိုများပါတယ်။ အခုနှစ် ဇူလိုင်လကမှ စတင်ရောင်းချတာဖြစ်ပြီး ဆိုင်ခွဲ ၃ ဆိုင်ရှိပါတယ်။

သင်္ကန်းကျွန်း သုဝဏ္ဏ ပန်းခြံရှေ့၊ လသာ ၂၃ လမ်းထိပ် ကမ်းနားလမ်း ညဈေး နဲ့ လသာမြို့နယ် ၂၃ လမ်း အောက်ဘလောက်မှာ ဖွင့်လှစ်ထားတာပါ။

ဆိုင်ခွဲ ၃ ဆိုင်ကို တစ်နေ့ အကောင်ရေ သုံးရာနဲ့ လေးရာ ကြားလောက်ရောင်းချရတယ်လို့ ဆိုပါတယ်။ နေ့ခင်း ၁ နာရီ ခွဲလောက်ကနေ ညကိုး လောက်ထိ ရောင်းချပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ စနစ်လည်းရှိပါတယ်။

ရုပ်သံသတင်းထောက် -ခင်ဝိုင်းဖြူဖြူ

Recommended