HIV/AIDS ကာကွယ်ကုသရေးအတွက် အစိုးရက ထောက်ပံ့ငွေ သုံးဆ တိုးပေးထား

  • 7 years ago
၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ HIV/AIDS ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ အတွက် အစိုးရက အရင်နှစ်တွေထက် ထောက်ပံ့ငွေ သုံးဆမြှင့်တင်ထောက်ပံ့ပေးထားတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅သန်းထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၅သန်း ထောက်ပံ့ပေးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

အစိုးရရဲ့ ထောက်ပံ့ငွေ အပါအ၀င်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၈၀)ကျော် ရှိပြီး ဒီထောက်ပံ့ငွေတွေကို အေအာတီဆေးတွေဝယ်ယူတာ၊ သွေးစစ်ဆေးပေးတာနဲ့ စစ်ဆေးတဲ့ ကိရိယာတွေဝယ်ယူတဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စီမံကိန်းတွေရေးဆွဲပြီး ရောဂါတိုက်ဖျက်ရေးစီမံချက်တွေ လုပ်ဆောင်နေတာကြောင့် HIV ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားခုခံအားကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ HIV ပိုးတွေ့ရှိသူဦးရော နှစ်သိန်းနှစ်သောင်း လေးထောင်ကျော်ရှိပြီး အဲ့ဒီလူနာတွေထဲက လူနာ တစ်သိန်းနှစ်သောင်း ခုနှစ်ထောင်ကျော်ကို အေအာတီ တသက်တာ သောက်ဆေးတွေနဲ့ဆေးကုသမှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

HIV ပိုးတွေ့ရှိမှု အများဆုံးတိုင်းတွေကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့ဖြစ်ကာ နယ်စပ်မြို့တွေမှာလဲ ရောဂါဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended