နှစ်ထပ်သဘောင်္မြို့ကလေးရဲ့ အလှဝိညဉ်

  • 7 years ago
“လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှာသူမြစ်၊
နှစ်ထပ်သင်္ဘောမြို့ကလေးပေါ် နားခဲ့ပေါ့။ ”

နာမည်ကျော် ကဗျာဆရာ ဆရာမောင်ချောနွယ်က ပြည်မြို့ကို စာဖွဲ့ထားတာပါ။

မောင်ချောနွယ်ကဗျာထဲကလိုပဲ ပြည်မြို့ဟာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးတစ်ထပ်၊ တောင်တန်းတစ်ထပ်၊ စေတီတစ်ထပ်နဲ့ နှစ်ထပ်သင်္ဘောကြီးသွားနေသလိုပါပဲ။

ရန်ကုန်ကနေ ပြည်မြို့ကို ၁၇၉ မိုင်သာရှိပြီးတော့ ကားနဲ့ ၆ နာရီကျော်ပဲ မောင်းရပါတယ်။ ရန်ကုန်- ပြည် အမြန်ရထား ကြီးစီးပြီးတော့လည်း ရောက်နိုင်ပါတယ်။ ပြည်မြို့ဟာ ပဲခူးတိုင်းအနောက်ခြမ်းက ခရိုင်မြို့လေး တစ်မြို့ဖြစ်ပါ တယ်။

ဧရာဝတီမြစ်ကြီးကို မေးတင်ထားတဲ့ ပြည်မြို့ဟာ နဝဒေးတံတားကြီးနဲ့အတူ ပဲခူးရိုးမတောင်တန်းကြီးတွေနဲ့ ရခိုင် ရိုးမ တောင်တန်းကြီးတွေကြားခန့်ခန့်ညားညားတည်ရှိနေတဲ့မြို့လေးတစ်မြို့ပါ။


ပြည်မြို့တစ်ဝိုက် လည်ပတ်စရာတွေကတော်တော်များသလို ဒေသစာတွေကလည်းတော်တော်စုံပါတယ်။

သရေခေတ္တရာမြို့ဟောင်းတည်ရှိရာ ပြည်မြို့ဟာ ရှေးဟောင်းဘုရားတွေအပြင် ဧရာဝတီမြစ်ကြီးနဲ့ နဝဒေးတံ တား၊ မင်း ကြီးတာင်လို့ လူသိများတဲ့ တောင်ပေါ်၊ ပြီးတော့ တပြည်သူမရွှေထားဇာတ်ကားကြီး ဇာတ်အိမ်တည်ရာ မင်းကြီးတောင်ပေါ်မှာရှိတဲ့ မရွှေထားအိမ်၊ ပြည်မြို့၊ ဧရာဝတီမြစ်နဲ့ နဝဒေးတံတားကြီးကို တန်ခိုးကြီး ဘုရားတွေနဲ့အတူ တွဲမြင်ရတဲ့မြင်ကွင်းတစ်ဆုံးကို ရှုစားနိုင်မယ့် မြေဆူတောင် စသဖြင့် သွားစရာအ တော်စုံပါတယ်။

ကမ္ဘာ့အမွေအနှစ်စားရင်းဝင် ပျူလူမျိုးတို့တည်ခဲ့တဲ့ ပျူမြို့ဟောင်းအတွင်းမှာ သွားလာလည်ပတ်လေ့လာစရာတွေ အများကြီးရှိပါတယ်။

သရေခေတ္တရာမြို့ဟောင်းအတွင်းမှာရှိတဲ့ ထူးခြားတဲ့လက်ရာတွေနဲ့တည်ထားတဲ့ စေတီပုထိုးတွေကိုလည်း ထူး ခြားစွာဖူးမြှော်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ် ပျူလူမျိုးတို့ရဲ့ ဗိသုကာ လက်ရာရှေးဟောင်းစေတီအများအပြားကိုလည်း ဒီဘက်ခေတ်မှာ ဖူးမြှောနေကျ စေတီပုထိုးတွေလိုမျိုးမဟုတ်ဘဲ ထူးခြားစွာတည်ထားတာဖြစ်ပါတယ်။ ဘောဘောကြီးဘု ရား၊ ဘုရားကြီးဘုရား၊ ဘဲဘဲကြီးဘုရား ဘုရားသုံးစူကိုတော့ မရောက်ရောက်အောင် သွားရောက်ဖူးမြှော်သင့်ပါတယ်။

ပြီးတော့ ပြည်မြို့ရဲ့ ကျက်သရေဆောင်ရွှေဆံတော်စေတီမြတ်ကြီးနဲ့အတူ ဆယ်ထပ်ကြီးဘုရားတို့ကို ညနေခင်း မှာ အေးအေးဆေးဆေး သွားရောက်ဖူးမြှော်နိုင်သလို မြို့လယ်က ပြည်ဘူတာကြီးအနီးက ပြည်ညဈေးကလည်း နာမည်ကြီးပါတယ်။

မြေဆူတောင်ကတော့ ပြည်မြို့ကနေ နဝဒေးတံတားကိုဖြတ်ပြီးသွားရတာပါ။ မြေဆူတောင်ပေါ်ကို ကားနဲ့ တက် လို့မရတာကြောင့် ခြေလျင် နာရီဝက်နီးပါးတက်ရမှာဖြစ်ပါတယ်။ တောင်ထိပ်ရောက်ရင်တော့ မြင်ရတဲ့ ရှုခင်းနဲ့ တင် ခြေလျင်တက်လာခဲ့သမျှ အမောတွေ ပျောက်သွားမှာပါ။ ပြည်ရဲ့ဖွဲ့စည်းမှုကောက်ကြောင်းတွေနဲ့အတူ ရွှေ ဆံတော်ဘုရား၊ ဧရာဝတီမြစ်၊ နဝဒေးတံတားကြီးကို မျက်စိတစ်ဆုံးမြင်တွေ ခံစားရမှာဖြစ်ပါတယ်။

မြေဆူတောင်လိုပဲ တောင်ပေါ်ဆိုပေမယ့် ကားနဲ့တက်လို့ရတဲ့ မင်းကြီးတောင်နဲ့ တပြည်သူမရွှေထားစံအိမ်ကို လည်း Authentic Travel မှာ တင်ဆက်ထားပါတယ်။ မင်းကြီးတောင်ကတော့ ပြည်မြို့ရဲ့အနောက်ဖက် ခြမ်း မှာရှိပြီး ပဲခူရိုးမရဲ့ တောင်စွယ်တစ်ခုဖြစ်ပါတယ်။

မင်းကြီးတောင်က အင်္ဂလိပ်လက်ထက်က အရေးပိုင်မင်းတွေ၊ နယ်ချဲ့အစိုးရမင်းတွေ၊ စက်ရှင်တရားသူကြီးတွေ နေထိုင်ခဲ့လို့ မင်းကြီးတောင်လို့ အမည်တွင်ခဲ့တဲ့အကြောင်းမှတ်သားရပါတယ်။

တပ်မတော်အစိုးရလက်ထက်တလျောက်မှာတော့ မင်းကြီးတောင်ဟာ နာမည်စိုးနဲ့ကျော်ကြားခဲ့တဲ့နေရာတစ်ခုပါ။
အကြောင်းကတော့ မင်းကြီးတောင်မှာ ထောက်လှမ်းရေးတပ်အခြေစိုက်ပြီး တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ ရဲ့ စစ်ကြောရေးစခန်းနယ်မြေဖြစ်ခဲ့တာပါ။ အဲဒီအချိန်ကတော့ အပြင်လူတွေအခုလိုသွားလာလည်ပတ်တာမျိုးမ ရှိဘဲ “တောင်ပေါ်က ခေါ်တယ်။ တောင်ပေါ်ခေါ်သွားကြပြီ” ဆိုရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတေ၊ စီးပွားရေး လူမှုရေးနယ်ပယ်ကလူတွေအတွက်တော့ စစ်ကြောခံရဖို့ပဲဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း မှာမှ မင်းကြီးတောင်ဆီကို လူသူအရောက်အပေါက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ကိုလိုနီခေတ်ကတည်းက တည်ထားခဲ့တဲ့ အိမ်ဟောင်းကြီးလေးလုံးရှိပြီး နှစ်လုံးပဲ လူနေပြီး နှစ်လုံးက တော့ လူသူမရှိဘူးလို့သိရပါတယ်။

မင်းကြီးတောင်ပြီးရင်တော့ ပြည်မြို့ထဲမှာ ဒေသစာတွေစားဖို့ ပြည်ညဈေးတန်းက နာမည်ကြီးဖြစ်ပါတယ်။
ပြည်မြို့လည်မှာရှိတဲ့ညဈေးတန်းဟာ အိမ်အပြန်လက်ဆောင်ဝယ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ပြည်ရောက်ပြီဆိုရင် မဖြစ်မနေဝယ်ကြတာက မလိုင်လုံး၊ မလိုင်ပြား၊ မလိုင်အိုး အပါအဝင် စားစရာမလိုင်မုန့် တွေအပြင် တောလက်ဖက်ထုပ်လေးတွေကိုလည်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။

မင်းကြီးတောင်ပေါ်က သီလရှင်ဆရာလေးတွေလုပ်တဲ့ အဲဒီတောလက်ဖက်ထုပ်လေးတွေကို တောင်ပေါ်လက် ဖက်လို့လည်း ခေါ်ပါတယ်။ တောင်ပေါ်လက်ဖက်ထုပ်လေးတွေက လက်ဖက်ရွက်နုလေးတွေနဲ့လုပ်တာမဟုတ် ဘဲ တောင်စောင်းတွေမှာ အလေ့ကျပေါက်လေ့ရှိတဲ့ နုနဲရွက်ဆိုတဲ့အရွက်တစ်မျိုးနဲ့လုပ်ထားတာဖြစ်ပြီး ကောက် ညှင်းထုပ်လေးတွေလို ထုပ်ထားတာဖြစ်ပါတယ်။

တကယ်တော့ ပြည်မြို့မှာနေရင်း သွားရောက်လည်ပတ်ဖို့ကောင်းတဲ့နေရာတွေက အများကြီးရှိပါတယ်။ ပြည်မြို့ရဲ့အလှအပတွေနဲ့ ရှုမြှော်ခင်းတွေကို Authentic Travel အစီအစဉ်ကနေ ပရိတ်သတ်တွေ အရသာရှိရှိ ခံစားကြည့်ရှုနိုင်အောင် တင်ဆက်ထားတာဖြစ်လို့ 7Day TV ရဲ့ ရုပ်သံအစီအစဉ်မှာ ကြည့်ရှုပြီး သွားလည်ဖို့ နေရာ တစ်နေရာ ခံစားတွေ့မြင့်ရမယ်လို့ မျှော်လင့်ပါတယ်။

Recommended