ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး အသက် ၃၇ နှစ်အရွယ်မှာ သေဆုံး

  • 7 years ago
လူတွေ စောင့်ရှောက် ထိန်းသိမ်းထားတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး ဘာဆီဟာ အသက် ၃၇ နှစ် အရွယ်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဖူဇူးက ပန်ဒါဝက်ဝံတွေ စောင့်ရှောက် ထိန်းသိမ်းထားတဲ့ စခန်းမှာ ဘာဆီဟာ အိုမင်းရင့်ရော်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လူ့သက်တမ်းနဲ့ အချိုးချ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပန်ဒါဝက်ဝံမကြီးရဲ့ အသက်ဟာ ၁၀၀ ကျော်လောက် ရှိနေပြီလို့ သူ့ကို စောင့်ရှောက်ထားသူတွေက ရှင်းပြပါတယ်။

ဘာဆီကို အသက် လေးငါးနှစ်ဝန်းကျင် အရွယ်ကတည်းက တောင်ကြားဒေသ တစ်ခုမှာ တွေ့ရှိခဲ့တဲ့နောက် ဖူဇူးမှာ ခေါ်ယူ မွေးမြူထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီတောင်ကြားကို ဘာဆီဆိုတဲ့နာမည် ဂုဏ်ပြု မှည့်ခေါ်ထားပါတယ်။

ဘာဆီဟာ ၁၉၉၀ ပြည့်နှစ် အာရှအားကစား ပွဲတော်ရဲ့ သင်္ကေတ လာဘ်ကောင်ရုပ် အနေနဲ့လည်း တရုတ်ကို ကိုယ်စားပြုခဲ့ဖူးပြီး လူချစ်လူခင် ပေါများတဲ့ ပန်ဒါတစ်ကောင်လည်း ဖြစ်ပါတယ်။

ပန်ဒါဝက်ဝံတွေကို တရုတ်မှာ သဘာဝ ရတနာ တစ်ပါးလို ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားတာကြောင့် အခုအခါမှာတော့ မျိုးသုဉ်းလုနီးပါး အခြေအနေကနေ လွန်မြောက်ပြီး အကောင်ရေ တိုးပွားလာနေတယ်လို့လည်း သိရပါတယ်။

Recommended