ကမ္ဘာ့တစ်ဝှမ်းကနောက်ဆုံးရနိုင်ငံတကာသတင်းတွေဒီမှာကြည့်ပါ။

  • 6 years ago
မေ - ၁၈ ၊၂၀၁၈

အမေရိကန် စီအိုင်အေထောက်လှမ်းရေးဌာနအကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို တင်ဆက်လိုက်ပါတယ်။


စီအိုင်အေ ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ်

အမေရိကန် ထောက်လှမ်းရေးဌာန စီအိုင်အေရဲ့ အကြီးအကဲ ရာထူးကို ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တစ်ဦးက တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ ဂျီနာဟက်စ်ပဲလ်ကို စီအိုင်အေ ညွှန်ကြားရေးမှူး ခန့်အပ်ဖို့ အမေရိကန် အထက်လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီး နောက်ပိုင်း စီအိုင်အေရဲ့ စစ်ကြောရေး အရာရှိအဖြစ် တာဝန်ယူခဲ့တဲ့ ဟက်စ်ပဲလ်ကို စီအိုင်အေ အကြီးအကဲ ခန့်အပ်ရေးအတွက် မဲခွဲမှုမှာ ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ ရရှိခဲ့တယ်လို့ လွှတ်တော်က ထုတ်ပြန်ပါတယ်။ စီအိုင်အေရဲ့ ဝါရင့် အမှုထမ်းဖြစ်သူ ဟက်စ်ပဲလ်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူသွားတဲ့ မိုက်ခ်ပွမ်ပီယိုရဲ့ နေရာမှာ အစားထိုး ဆက်ခံသွားမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စီအိုင်အေ ညွှန်ကြားရေးမှူး ရာထူးအတွက် ဟက်စ်ပဲလ်ကို အဆိုပြု တင်သွင်းခဲ့ရာမှာ လွှတ်တော်တွင်း ဩဇာရှိတဲ့ အမတ်တချို့ရဲ့ အတိုက်အခံပြု ရပ်တည်မှုတွေနဲ့လည်း ကြုံခဲ့ပါသေးတယ်။ ဟက်စ်ပဲလ်ဟာ စစ်ကြောရေး အရာရှိအဖြစ် တာဝန်ယူချိန်မှာ အကျဉ်းသားတွေအပေါ် ခက်ခက်ထန်ထန် ကိုင်တွယ် ဆက်ဆံတယ်လို့ နာမည် ထွက်နေသူပါ။ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်ချိန်မှာလည်း ထရမ့် ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီရဲ့ အမတ်တချို့ ကိုယ်တိုင်ကပါ ဟက်စ်ပဲလ်ကို ကန့်ကွက်မဲ ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဟာဝိုင်ယီကျွန်းက ချော်ရည်တွေ စီးထွက်နေရာ မီးတောင်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ထပ်ဖြစ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဟာဝိုင်ယီကျွန်းမှာ ချော်ရည်ပူတွေ အဆက်မပြတ် စီးထွက်နေတဲ့ မီးတောင်ဟာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ မေ ၁၇ ရက် ညနေပိုင်းက ကီလာအူရာ မီးတောင်ရဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် ချော်ပြာတွေနဲ့ မီးခိုးတွေက ပေသုံးသောင်းကျော် အမြင့်ထိ လွင့်စင် ရောက်ရှိခဲ့တယ်လို့ မီးတောင်နဲ့ ငလျင်ဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။ ဟာဝိုင်ယီက ဘစ်အိုင်းလန်း အရပ်မှာ မီးခိုးငွေ့တွေနဲ့ ပြာမှုန်တွေ ထူထပ်နေတာကြောင့် ဒေသခံတွေ အနေနဲ့ မျက်နှာဖုံးစွပ်တွေ ဝတ်ဆင်ထားကြဖို့ ကျန်းမာရေး အရာရှိတွေက လိုက်လံဆော်ဩ တိုက်တွန်းနေပါတယ်။ ပြီးတော့ မျက်နှာဖုံး နှစ်သောင်းနီးပါးကိုလည်း ဝေငှပေးထားပါတယ်။ ဟာဝိုင်ယီမှာ မိုးဆက်တိုက် ရွာနေတာကြောင့် ချော်ပြာတွေက မီးတောင်နဲ့ အဝေးကြီးထိတော့ ပျံ့နှံ့ မသွားဘူးလို့ သိရပါတယ်။ မီးတောင် ပတ်ဝန်းကျင် ဧရိယာတွေမှာ နေထိုင်သူတွေကို ကြိုတင် ရှင်းလင်း ရွှေ့ပြောင်းပေးထားတာကြောင့် အသေအပျောက် သတင်းတွေလည်း မကြားရပါဘူး။ မီးတောင် အတွင်းပိုင်း နိုးကြား လှုပ်ရှားမှုတွေက အရှိန်ကောင်းနေဆဲ ဖြစ်တာကြောင့် နောက်ထပ် သီတင်းပတ် အနည်းငယ်ထိ ဆင့်ကဲ ပေါက်ကွဲမှုတချို့ ကြုံရနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အာဆင်နယ် မန်နေဂျာ ရာထူးကို ဆက်ခံဖို့ အာတီတာကို ဝင်းဂါးထောက်ခံ

အာဆင်နယ် မန်နေဂျာ ရာထူးကို ဆက်ခံဖို့ လိုအပ်တဲ့ အရည်အချင်းအားလုံး မစ်ကယ် အာတီတာမှာ ပြည့်ပြည့်စုံစုံ ရှိနေတယ်လို့ အာစင်ဝင်းဂါးက ထောက်ခံလိုက်ပါတယ်။ အာဆင်နယ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်သား မန်နေဂျာကြီး ဝင်းဂါးဟာ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲမယ်လို့ ကြေညာထားပြီးပါပြီ။ ဝင်းဂါးနေရာကို ဆက်ခံဖို့ ရေပန်းအစားဆုံး ဖြစ်နေတာကတော့ အာဆင်နယ်မှာ ၈ နှစ်ကြာ ကစားဖူးတဲ့ အာတီတာ ဖြစ်ပါတယ်။ အာဆင်နယ် ဘုတ်အဖွဲ့ဟာ အသက် ၃၆ နှစ်အရွယ် အာတီတာနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာတီတာဟာ ဘောလုံးသမား ဘဝက အနားယူခဲ့တဲ့နောက် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ အဖွဲ့ဝင်တစ်ဦးအဖြစ် အလုပ်လုပ်နေပါတယ်။ သူ့လက်အောက်မှာ ပွဲပေါင်း ၁၅၀ လောက် ကစားဖူးတဲ့ စပိန် ကွင်းလယ်ဖန်တီးရှင်ဟောင်းနဲ့ ပတ်သက်ပြီး ဝင်းဂါးက အာတီတာဟာ ခေါင်းဆောင် ပီသသူ တစ်ဦးဖြစ်သလို အာဆင်နယ်နဲ့ ပတ်သက်လို့ ခရေစေ့တွင်းကျ နားလည်ထားသူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒီထက် အရေးကြီးတာက အာတီတာဟာ အာဆင်နယ် မန်နေဂျာ ရာထူးအတွက် ထိုက်တန်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်လို့ သူကိုယ်တိုင် ယုံကြည်ကြောင်း၊ ဒါပေမဲ့ ရာထူး ခန့်အပ်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဝင်စွက်ဖက် အကြံပေးတာမျိုးတော့ မလုပ်ချင်ကြောင်း ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ် အနေနဲ့ မန်နေဂျာသစ် ခန့်အပ်မှုကို ဇွန်လလယ်မှာ စတင်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး မတိုင်ခင် တရားဝင် ကြေညာနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။







မင်္ဂလာပွဲကို ဖခင် မတက်နိုင်ကြောင်း မီဂန်မာကယ်လ်ကိုယ်တိုင် အတည်ပြု

ဗြိတိန် တော်ဝင်မိသားစုရဲ့ မင်္ဂလာပွဲကို ဖခင်ဖြစ်သူ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ သတို့သမီး မီဂန်မာကယ်လ်က တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ မီဂန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မာကယ်လ်က ကျန်းမာရေး အခြေအနေကြောင့် အချိန်ကြာကြာ အနားယူဖို့ လိုအပ်နေကြောင်း ဖွင့်ဟခဲ့တဲ့အတွက် မင်္ဂလာပွဲ တက်နိုင် မတက်နိုင် ဆွေးနွေး ငြင်းခုံမှုတွေ ဖြစ်လာခဲ့ပါတယ်။ အခုတော့ အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မင်းသမီး မီဂန် ကိုယ်တိုင်က ဖခင်ရဲ့ ကျန်းမာရေး အခြေအနေအရ မင်္ဂလာပွဲ မတက်နိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ သူ့ဖခင်အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း ကန်ဆင်တန်နန်းတော် ပြန်ကြားရေး အဖွဲ့ကနေတဆင့် ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် သောမတ်စ်ဟာ နှလုံး ခွဲစိတ်မှု ခံယူခဲ့ပြီး ဆေးရုံပေါ်မှာ နောက်ထပ် ရက်အနည်းငယ် ဆက်နေဖို့ လိုအပ်တဲ့အတွက် မင်္ဂလာပွဲကို တက်ရောက်ဖို့ အဆင်မပြေသေးပါဘူး။ မီဂန်နဲ့ ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီတို့ဟာ မေ ၁၉ ရက်မှာ ဝင်ဆာရဲတိုက်က စိန့်ဂျော့ဂ်ျ ဘုရားကျောင်းကြီးမှာ လက်ထပ်ပွဲ ဆင်နွှဲ ကျင်းပသွားကြမှာ ဖြစ်ပါတယ်။

Recommended