ရန်ကုန်ရေကြီးတာမဖြစ်ဖို့ ကန်ဒေါ်လာ သန်းတစ်ရာ သုံးမယ်

  • 7 years ago
ရန်ကုန်မြို့က ရေကြီးရေလျှံဖြစ်နေတဲ့မြောင်းတွေကို ပြင်ဆင်ဖို့အတွက် ကမ္ဘာ့ဘဏ်က ကူညီမယ့် ဒေါ်လာ၁၂၅သန်းထဲကနေ သန်း၁၀၀ကို သုံးစွဲမယ်လို့သတင်းရရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်တာဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

ကမ္ဘာ့ဘဏ်ကနေကျွန်တော်တို့ကိုသန်းပေါင်း၁၂၅သန်းကူညီဖို့သဘောတူညီထားပြီးဖြစ်ပါတယ်။လာမယ့်ပွင့်လင်းရာသီမှာရေကြီးရေလျှံဖြစ်မယ့်မြောင်းတွေကိုပြင်ဆင်ဖို့သန်း၁၀၀သုံးစွဲဖို့စီမံချက်ရေးဆွဲထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်မြို့မှာ မိုးရွာသွန်းမှုများတာကြောင့် မြို့နယ်အချို့မှာ ရေကြီးရေ လျှံမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သူတို့အစိုးရအဖွဲ့သစ်တာဝန်တွေကို စတင်ခဲ့ တုန်းက ၁ ဘီလီယံကုန်ကျခံပြီး မြောင်းရှင်းလင်းတဲ့လုပ်ငန်းကို ပုဂ္ဂလိကကိုတာဝန်ယူ ဆောင်ရွက်စေခဲ့တယ်လို့သိရပါတယ်။

ဒီလိုရှင်းလင်းခဲ့ပေမယ့် မိုးအရမ်းများရင်တော့ ရန်ကုန်မြို့ကမြောင်းတွေအနေနဲ့ရေဆွဲချနိုင်ဖို့ မလုံလောက်သေးဘူးလို့ ဦးဖြိုးမင်းသိန်းက အခုလိုပြောပါတယ်။

မြောင်းတွေကိုရှင်းပြီးရေကြီးရေလျှံမှုပပျောက်ဖို့ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။သို့သော်မိုးအင်မတန်များမယ်ဆိုရင်တော့ရှိနေတဲ့မြောင်းတွေနဲ့ဆွဲချနိုင်တဲ့ခံနိုင်ဝန်အားနဲ့ဆိုရင်တော့ကျွန်တော်တို့မြို့ဟာလုံလောက်တဲ့အခြေနေမရှိသေးဘူးလို့ပြောရမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ရေကြီးရေလျှံပြသာနာက ရန်ကုန်တစ်မြို့ထဲမှာ သာမဟုတ်ဘဲ နိုင်ငံတကာရဲ့မြို့ကြီးတွေမှာလည်း ကြုံတွေ့နေရတာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်၊ယဉ်မွန်

Recommended