၂ နှစ်အတွင်း ငွေကြေးဖောင်းပွမှု အနည်းငယ်မြင့်တက်မည်ဟု ADB ထုတ်ပြန်

  • 7 years ago
ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုဈေးနှုန်း မြင့်မားခြင်း၊ ကျပ်ငွေတန်ဘိုး ကျဆင်းခြင်း တွေကြောင့် အခု ၂ နှစ်အတွင်း( ၂၀၁၇၊ ၂၀၁၈) မှာ မြန်မာနိုင်ငံရဲ့ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်ဖို့ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း နဲ့ ၂၀၁၈ ခုနှစ်မှာ ၇.၅ ရာခိုင်နှုန်းဖြစ်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်-ADB က ရဲ့ အခုနှစ် ဧပြီလဆန်းပိုင်း က ထုတ်ပြန်ထားတဲ့ အာရှဖွံ့ဖြိုးရေးရှုမြင်သုံးသပ်ခြင်း-၂၀၁၇ မှာ ဖော်ပြထားပါ တယ်။

ဒါပေမယ့် ဒီ ၂ နှစ်အတွင်း နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာလည်း တိုးတက် မှုရှိမှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုဟာ သိပ်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ADB ရဲ့ မြန်မာပြည် ခေတ္တဌာနေကိုယ်စားလှယ်ဖြစ်သူက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၁.၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် NLD ပါတီဦးဆောင်တဲ့ ပထမတစ်နှစ်မှာ ငွေကြေးဖောင်းပွနှုန်းဟာ ၆.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။
၂ နှစ်အတွင်း စီးပွားရေးတိုးတက်မှုတွေကတော့ အခုနှစ်မှာ GDP တိုးတက်မှု ၇.၇ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ်မှာ GDP တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဖြစ်မယ်လို့ ADB က ခန့်မှန်းထားပါတယ်။

Recommended