တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့KNUဥက္ကဌ တို့တွေ့ဆုံ
  • 6 years ago
မေ - ၁၈ ၊၂၀၁၈
တပ်မတော် နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား အငြင်းပွားနေတဲ့ လမ်းပြုပြင်မှုကိစ္စကို နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ယာယီရပ်ဆိုင်းဖို့ သဘောတူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က မေလ၁၇ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ KNUဥက္ကဌ မူတူးစေးဖို့တွေ့ဆုံမှုအပြီး ဒီသဘောတူညီချက်ကို ထုတ်ပြန်ခဲ့တာပါ။

KNU ရဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတဲ့ ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်က နားလည်မှုရှိစွာနဲ့ ယာယီရပ်ဆိုင်းပေးထားမှာဖြစ်ပြီး အဲ့ဒီက ဒေသခံတိုင်းရင်းသားပြည်သူတွေအနေနဲ့ အေးချမ်းစွာ နေထိုင်လုပ်ကိုင် သွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ KNUလက်အောက်ခံ KNLAတပ်မဟာ(၅)တို့ဟာ မတ်လပိုင်းကစပြီး ဖာပွန်ခရိုင် လယ်မူပလောဒေသမှာလမ်းဖောက်မှုနဲ့ပတ်သက်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အရပ်သားနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

KNU က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကားလမ်းကိုဖောက်လုပ်ခြင်းမပြုဘဲ ရပ်ဆိုင်းဖို့ နဲ့ တပ်တွေကို ပြန်ရုပ်သိမ်းဖို့ တပ်မတော်ဘက်က သဘောတူခဲ့ကြောင်း ဖော်ပြထားပါတယ်။

KNU အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့ အညီဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံပြည်ထောင်စုကို တည်ဆောက်မယ်လို့လဲ ဖော်ပြထားပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်
Recommended