မြန်မာအစိုးရ စီးပွားရေးပန်းတိုင်ထားဖို့ လိုအပ်

  • 7 years ago
ရှေ့ ၃ နှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်နှစ်ကို ပျှမ်းမျှ ၇.၁ ရာခိုင်နှုန်းရှိလာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပြောဆိုထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်က နဂိုခန့်မှန်းထားချက် ၇.၃ ရာခိုင်နှုန်းကနေ စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက် နှေးကွေးမှုကြောင့် ၆.၅ ရာခိုင်နှုန်းကို အားပျော့လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ငွေကြေးဖောင်းပွမှုဖိအားကို ကြည့်ရင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် သက်သာလာပြီး အခုဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုဖိအား ၈.၉ ရာခိုင်နှုန်း ပျှမ်းမျှလောက်ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ပို့ကုန်ကျဆင်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ထင်သလောက် ဖြစ်ပေါ်လာခြင်းမရှိတာ တွေကလည်း တိုးတက်မှုအတွက် ဖိအားတွေ တိုးပွားလာစေတယ်လို့ ကမ္ဘာ့ဘဏ်က မှတ်ချက်ပြုထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းအရ ရှေ့အလားအလာမှာ အကောင်းဘက်မှာ ဦးတည်နေပေမယ့် တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့ အန္တရယ်တွေလည်း ရှိနေတယ်ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ မြန်မာ့စီးပွားရေး စောင့် ကြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ထုတ်လုပ်မှုနိမ့်ပါးခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားတဲ့ ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်ပြိုင် နေရခြင်း၊ ထုတ်လုပ်နိုင်တဲ့ ကုန်စည်အမယ်အမျိုးအစား မစုံလင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လွယ်ခြင်းနဲ့ သွင်း ကုန်ကုန်စည်ဈေးနှုန်း မြင့်တက်ခြင်း စတာတွေဟာ မြန်မာ့ စီးပွားရေးအတွက် အန္တရယ်အချို့အတွက် ဖြစ်တယ်လို့ ကမ္ဘာ့ ဘဏ်က ပြောဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးကဏ္ဍအကြံပြုချက်မှာဆိုရင် အစိုးရအနေနဲ့ စီးပွားရေးပန်းတိုင်တစ်ခုကို ချမှတ်ပြီး စီးပွားရေးမူဝါဒတွေကို ပြည်သူတွေယုံကြည်မှုရရှိအောင် ရှင်းရှင်းလင်းလင်း အသိပေးရမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတို့ ယုံကြည်မှု တည်တံ့ခိုင်မြဲအောင် ကာလတို စီးပွားရေးမူဝါဒနဲ့ အခြေအနေတွေကို ပုံမှန်ရှင်းလင်းတင်ပြဖို့ လိုအပ်တယ်ဆိုပြီး တွေ့ရပါတယ်။

Recommended