MAEX ၏ ရှယ်ယာအစု ငါးသိန်း တစ်လမပြည့်ခင် ရောင်းကုန်သွားပြီ

  • 7 years ago
တညင်းကုန်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားဈေးတည်ထောင်သူ မြန်မာအက်ဂရိုအိတ်ချိန်း အများပိုင်ကုမ္ပဏီလီမိတက်-MAEX ရဲ့ အများပြည်သူ ရင်းနှီးမြှုပ်နှံနိုင်အောင် ရောင်းချထားတဲ့ ကမ်းလှမ်းအစုရှယ်ယာ အရေအတွက် ငါးသိန်းစလုံးဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အကုန်လုံး ရောင်းချပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကမ်းလှမ်းအစုရှယ်ယာရောင်းချခြင်းဟာ ပြည့်မှီကျော်လွန်သွားတာဖြစ်တာကြောင့် အစုရှယ်ယာရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီလို့ MAEX ဘက်က အတည်ပြုထားပါတယ်။
MAEX အနေနဲ့ အင်းစိန်မြို့နယ်မှာ မြန်မာ့အကြီးဆုံး နိုင်ငံတကာအဆင့်မီ တညင်းကုန်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားဈေးကို ၂၀၁၅ ခုနှစ်ကနေစပြီး ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်ကနေ ဦးဆောင်ပြီး မူလရင်းနှီး မြှုပ်နှံသူ ၂၁ ဦးနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရှယ်ယာရောင်းချဖို့ ငွေကြေးသက်သေခံကြီးကြပ်ရေး ကော်မတီ-SECM ရဲ့ ခွင့်ပြုချက်ကို ဇန်န၀ါရီလထဲမှာ ရရှိခဲ့တာဖြစ်ပြီး ဈေးသစ်ပထမအဆင့်ရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဘိုး ၂၅ ဘီလီယံကျပ်ထဲက ၅ ဘီလီယံကျပ်ကို အများပြည်သူကို ဇန်န၀ါရီလ ၁၆ ရက်နေ့ကစတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အချောသတ်တည်ဆောက်ရေးနဲ့ စည်းမျဉ်းစည်းကမ်းများရေးဆွဲနေတာကြောင့် မူလ သတ်မှတ်ထားတဲ့ ဈေးသစ်ရဲ့ ပထမကနဦးအပိုင်းဖွင့်လှစ်ချိန် ဖေဖော်ဝါရီလထက် တစ်လ နောက်ကျပြီး မတ်လထဲမှာ ဖွင့်လှစ်ထားမယ်ဆိုပြီး MAEX ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်

Recommended