နှမ်းဖတ်ချဉ်ထမင်းဆိုင်မှာ အညာစာတွေစားကြမလား

  • 7 years ago
အညာဒေသရဲ့အစားအစာတွေကို မြည်းစမ်းကြည့်နိုင်ဖို့ 7Day TV ရဲ့ Street food အစီအစဉ်ကနေ ညောင်ဦးမြို့က နှမ်းဖတ်ချဉ်ထမင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒေသစာ နှမ်းဖတ်ချဉ်ကို အစွဲပြုလို့ နှမ်းဖတ်ချဉ် ထမင်းဆိုင်လို့ အမည်ပေးထားတာပါ။

အညာစာ နှမ်းဖတ်ချဉ် မွှေးမွှေးလေး ၊မကျည်းဖူးသုပ်၊ မကျည်းရွက်နုနုလေးတွေကျ အစပ်ချက်ထားတာ၊ ခရမ်းချဉ် ငရုပ်သီးစိမ်းချက်နဲ့၊ ပဲဝါလေးဟင်းချို ပူပူနွေးနွေး က ထမင်းဆိုင်ပေမယ့်အိမ်ထမင်း ၊အိမ်ဟင်း စားရတဲ့ အရသာကို ရရှိနိုင်မှာပါ။

ဟင်းချက်ရာမှာလည်း ကိုယ်တိုင်ကြိတ်ဆုံဆီ စစ်စစ် ကို သုံးထားပြီး ၊ ကျန်းမာရေးညီညွှတ်အောင် ချက်ပြုတ်ပြင်ဆင်တာလို့ ဆိုင်ရှင် မယဉ်အောင်က သူ့ဆိုင်လေးအကြောင်း ကို ပြောပြပါတယ်။

ဆိုင်ရဲ့အခင်းအကျင်းကလည်း ကွပ်ပျစ်ပေါ်မှာ စားပွဲဝိုင်းလေးတွေ ချပြီး တည်ခင်းထားတာပါ။ ဖွင့်ထားတဲ့ ကာလ ၁ နှစ်ကျော်ဝန်းကျင်ပဲရှိသေးပေမယ့် ဘုရားဖူးတွေ တကူးတက လာစားရတဲ့ ဆိုင်အဖြစ် နာမည်ကြီးပါတယ်။

ဆိုင်နာမည်နဲ့ လိုက်အောင် နှမ်းဖတ်ချဉ်သုပ်၊ နှမ်းဖတ်ချဉ် ဝက်အူချက်နဲ့ နှမ်းချဉ် မျှစ်ပုဇွန်ကြော်ချက်တွေကတော့ စားသုံးသူတွေ အကြိုက်တွေ့စေပါတယ်။

အရံဟင်း ၁၆ မျိုး နဲ့ ကြိုက်နှစ်သက်ရာ အသားတစ်မျိုးကို အဝစား ကျပ် ၃၀၀၀ နဲ့ရောင်းချတဲ့ နှမ်းဖတ်ချဉ် ထမင်းဆိုင်လေးက ညောင်ဦးမြို့ရဲ့ ရပ်ကွက်အမှတ် ၅ ၊ သီရိပစ္စယာလမ်း မှာရှိတာပါ။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ

Recommended