လက်စ်ဗီးဂက်စ် ဟိုတယ်တစ်ခုမှာဖြစ်တဲ့ ပစ်ခတ်မှု လူ ၂၀ ထက်မနည်း သေဆုံး

  • 7 years ago
အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့က ကာစီနို ဟိုတယ်တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၂၀ လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့က မန္တလေးဘေး (Mandalay Bay) ဟိုတယ်ရဲ့ ၃၂ ထပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း နောက်ထပ် လူပေါင်း ၁၀၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ပြောပါတယ်။ သေနတ်သမားကိုတော့ ရဲတွေက ပစ်ခတ် သုတ်သင်ခဲ့ပြီးပါပြီ။

ဟိုတယ်ရဲ့ ၃၂ ထပ်မှာ ကျေးလက်ဂီတ ဖျော်ဖြေပွဲတစ်ခု ကျင်းပနေတုန်း ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ သေနတ်သမားဟာ ဗီးဂက်စ်မှာ နေထိုင်သူ တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော် ကျူးလွန်ခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဒါပေမဲ့ အခုပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

သေနတ်သံတွေကို ပတ်ဝန်းကျင်က ထင်ထင်ရှားရှား ကြားနေခဲ့ရသလို လူပေါင်းများစွာကလည်း ဟိုတယ်ပေါ်ကနေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ရဲတွေက ပတ်ဝန်းကျင် ဧရိယာတွေကို ပိတ်ထားလိုက်ပြီး လုံခြုံရေးကိုလည်း မြှင့်တင်ထားလိုက်တယ်လို့ သိရပါတယ်။

အခုဖြစ်ရပ်ဟာ ၂၀၁၆၊ ဇွန်လက အော်လန်ဒိုမြို့၊ နိုက်ကလပ်တစ်ခုမှာ လူပေါင်း ၄၉ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန်မြေမှာ အသေအပျောက် အများဆုံး ရမ်းကားပစ်ခတ်မှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

Recommended