မြန်မာအက်ဂရိုအိတ်ချိန်း(MAEX) ကို " ရှယ်ယာ" ထုတ်ရောင်းဖို့ SECM ခွင့်ပြုလိုက်ပြီ

  • 7 years ago
မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်ကုမ္ပဏီလီမိတက်-MAEX ရဲ့ ရှယ်ယာတန်ဘိုး ကျပ်ငွေ ၅ ဘီလီယံကို အများပြည်သူ ကို ထုတ်ရောင်းဖို့ ငွေကြေးသက်သေခံကြီးကြပ်ရေးကော်မတီက-SECM က ခွင့်ပြုလိုက်ပြီလို့ MAEX ရဲ့ အမည်မဖော်လို သူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒါကြောင့် အများပြည်သူဝယ်ယူရင်းနှီးမြှုပ်နှံအောင် ရက်ပိုင်း အတွင်း နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ကြေညာသွားမယ်လို့ မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်ကုမ္ပဏီလီမိတက်-MAEX ဘက်က ဆိုပါတယ်။ MAEX အနေနဲ့ ဇန်န၀ါရီလအတွင်း အများပြည်သူကို ရှယ်ယာခေါ်ယူဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပြီး မကြာခင် ထုတ်ရောင်းမယ့် ကျပ်ငွေ ၅ ဘီလီယံကို Securities ကုမ္ပဏီ ၄ ခု(သို့မဟုတ်) ၅ ခုကနေ ရောင်းချပေးသွားမယ်လို့ သိရပါ တယ်။
၂၀၁၆ ခုနှစ် မတိုင်ခင်က အများပိုင်ကုမ္ပဏီတွေအနေနဲ့ အများပြည်သူကို ရှယ်ယာထုတ်ရောင်းချတဲ့ နေရာမှာ မိမိဆန္ဒအရ ရောင်းချလို့ရပေမယ့် လက်ရှိအချိန်မှာတော့ ငွေကြေးသက်သေခံကြီးကြပ်ရေးကော်မတီ-SECM ရဲ့ ဥပဒေ စည်းမျဉ်း အတိုင်း ခွင့်ပြုချက် တောင်းခံပြီးမှ အများပြည်သူကို ရှယ်ယာထုတ်ရောင်းချနိုင်မှာဖြစ်ပါတယ်။ မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်ကုမ္ပဏီလီမိတက်-MAEX အနေနဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလထဲမှာ အများပိုင်ကုမ္ပဏီ အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်းစိန်မြို့နယ်မှာ နိုင်ငံ့ရဲ့ အကြီးဆုံး တညင်းကုန်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် အဆင့်မြင့်လက်ကားဈေးကို တည်ဆောက် အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်ခင်ဗျာ

Recommended