သန့်ရှင်းရေးလုပ်ငန်းစဉ်မှ စွမ်းအင်ထုတ်ရန် WWF နှင့် MFPEA တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

  • 7 years ago
ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ WWF နှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) တို့၏ နားလည်မှုစာချွန်လွှာတစ်ခုကို ယနေ့လက်မှတ်ရေးထိုးသည်။ စားသောက်ကုန်များအန္တရာယ်ကင်းရှင်းရေး ၊ လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် စွန့်ပစ်ပစ္စည်းများမှတဆင့် လျှပ်စစ်စွမ်းအင်ပြန်လည် ထုတ်လုပ်နိုင်ရေး အတွက် နည်းပညာအကူအညီပေးရန် ရန်ကုန်မြို့UMFCCI တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများလုပ်ဆောင်ရန် နည်းပညာနှင့်ငွေကြေးလိုအပ်ချက်များ ရှိနေသည်။
“အထူးသဖြင့်တော့ ဒီမှာရှိတဲ့ လုပ်ငန်းတွေက လုပ်ငန်းငယ်တွေများတာကိုး၊ ဆိုတော့ ဒီကုန်ကျစားရိတ်ကြီးက ဘယ်လောက်များကြီးမလဲ။ ဒီအပေါ်မှာကော ကျွန်တော်တို့က ဒီစားရိတ်တွေကို ခံနိုင်ပါ့မလားဆိုတဲ့ အတွေးလေးတွေတော့ ကျွန်တော်တို့ရှိတယ်။ နောက်တချက်ကဘာလဲဆိုတော့ technology ပိုင်းပေါ့။ နည်းပညာပိုင်းနဲ့ပတ်သက်လို့ ဒါတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုအသုံးချမလဲဆိုတဲ့ အပိုင်းမှာလည်း အတွေ့အကြုံနည်းတဲ့အတွက် လိုအပ်တာတွေရှိတယ်” ဟု မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းကပြောသည်။
စက်ရုံများမှထွက်သည့် ရေဆိုးမှတဆင့် ရေသန့်ပြန်လည်ထုတ်ယူကာ ဝင်ငွေရှာခြင်း နှင့် အမှိုက်မှ လျှပ်စစ်စွမ်းအားထုတ်လုပ်ကာ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နိုင်ရန်အတွက် WWF က နည်းပညာအကူအညီ ပေးသွားမည်ဖြစ်သည်။
နိုင်ငံတကာတွင် စက်ရုံများကို သန့်ရှင်းရေးလုပ်ပေး၍ လျှပ်စစ်စွမ်းအင်နှင့် ရေသန့်ပြန်လည် ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီများရှိသည်။ ယင်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှစက်ရုံများကို စိတ်ဝင်စားလာစေရန် WWF က ကနဦးကူညီပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဌ ဖြစ်သူ ဦးစိန်သောင်းဦးက “လုပ်ငန်းရှင်တွေမလုပ်ချင်တဲ့အလုပ် ခုနပြောသလို Waste Treatment အလုပ်ကို သူတို့မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပိုက်ဆံကုန်မှာစိုးလို့။ အဲဒီတော့ အဲဒီအလုပ်ကို သူတို့(WWF)က အများအတွက်ဆိုပြီး ကူညီပေးမယ်၊ ဒါတပိုင်းပါမယ်။ နောက်တစ်ခုက Waste တွေကို Energy ဖြစ်ရမယ်။ ဒီ Waste တွေကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းဖြစ်ရမယ်။ နောက်တစ်ခုက အရှုံးမရှိတဲ့ လုပ်ငန်းဖြစ်ရမယ်။ အဲလိုမျိုးလုပ်ငန်းတွေသာဆိုရင် သူတို့က ငွေရေးကြေးရေး အကူအညီပေးမယ်။ ဒါကြောင့်မို့ Waste ကနေ Bio Gas ထုတ်မယ် Bio Gas ကနေ လျှပ်စစ်ထုတ်မယ်ဆိုရင် သူက လျှပ်စစ်ရောင်းချလို့ရတယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင်က ညစ်ပတ်နေတဲ့ ရေတွေကို ယူပြီးတော့ အခကြေးငွေနဲ့ လုပ်မယ်ဆိုရင် သူ ဝင်ငွေတစ်ခုရမယ်။ အဲဒီတော့ ဒီလုပ်ငန်းက စီးပွားရေးလုပ်ငန်းဖြစ်သွားမယ်” ဟုပြောသည်။
အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ WWF အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလအစောပိုင်းတွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

Recommended