Sony World Photography Award ဆုရှင် ကိုကျော်ဝင်းလှိုင်နှင့်တွေ့ဆုံခြင်း အပိုင်း ၂

  • 7 years ago
မဇ္ဈိမ TV ကိုကြည့်ရှုနေကြတဲ့ ပရိသတ်များအားလုံးအားလုံး မင်္ဂလာပါခင်ဗျာ။ အခုဆိုရင်တော့ Sony World Photography Winner ဆုရှင် ကိုကျော်ဝင်းလှိုင်နဲ့ တွေ့ဆုံခဲ့တာတွေကို ဒုတိယပိုင်းအနေနဲ့ တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။

အစ်ကို့အနေနဲ့ ဒီဓာတ်ပုံပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ပုံလေးကိုသိချင်ပါတယ်။

ကျွန်တော်ဒီဓာတ်ပုံလောကကို စတင်ဝင်ရောက်တာတော့ ၁၉၉၆-၉၇ ပေါ့။ ကျွန်တော် ကိုးတန်းကျောင်းသားဘဝမှာ ကျွန်တော့်ရဲ့လက်ဦးဆရာဖြစ်တဲ့ ဆရာမန်းတက္ကသိုလ်နေမျိုးဝင်း ရှုတိုင်းယဉ် ပုံရိပ်ပန်းရှိပါတယ်။ ဆရာ့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျွန်တော်အခြေခံ ဓာတ်ပုံပညာတွေကို စပြီးလေ့လာခဲ့တယ်ပေါ့။ ဆရာရဲ့ အခြေခံနည်းတွေကို စနစ်တကျ သင်ကြားတတ်မြောက်ပြီးတဲ့နောက် ၂၀၀၀ပြည့်နှစ်မှာ မြန်မာနိုင်ငံဓာတ်ပုံအသင်းကနေ ကြီးမှူးဖွင့်လှစ်တဲ့ အခြေခံဓာတ်ပုံသင်တန်း အမှတ်စဉ် ၂၉ မှာ ဓာတ်ပုံပညာတွေကို ဆက်လက်လေ့လာတယ်။ သင်တန်းတွေလည်းတက်ရောက်ခဲ့တယ်။ ဒီကြားထဲမှာလည်း ပြည်တွင်းပြည်ပက ဖွင့်လှစ်တဲ့ ဓါတ်ပုံနဲ့ပတ်သက်တဲ့ Workshop တွေကို တက်ရောက်ပြီးတော့ ပညာဆည်းပူးမှုတွေလည်း လုပ်ပါတယ်။

နောက်တစ်ခုကတော့ အကိုက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းဆိုတော့ ယဉ်ကျေးမှုတက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို အဓိကထားပြီး လေ့လာခဲ့လဲ။

ဟုတ်ကဲ့။ ကျွန်တော် ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီမေဂျာကိုပဲ အဓိကထား သင်ကြားခဲ့တာပါ။ ကျွန်တော် ဒီပန်းချီပညာကို သင်ကြားခဲ့တဲ့အတွက် ဒီဓာတ်ပုံပိုင်းမှာ များစွာအထောက်အကူ ဖြစ်စေပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက်လည်း ကျွန်တော့်ဆရာကပဲ ဒီလမ်းကြောင်းတွေကို ဂိုက်လိုင်းချပေးခဲ့တဲ့အတွက် ကျွန်တော်ခုလိုမျိုး ပံ့ပိုးမှုတွေ အများကြီးရခဲ့တာပါဗျ။
ဟုတ်ကဲ့။ ဒါဆိုရင် ပန်းချီနဲ့ဓါတ်ပုံနဲ့ ဘယ်လိုမျိုးဆက်စပ်မှုရှိလဲဆိုတာလည်း ပြောပြပေးပါဦး။

ကျွန်တော့်ရဲ့အတွေ့အကြုံအရကတော့ ပန်းချီနယ်ပယ်မှာ လေ့လာခဲ့ရတဲ့ ပန်းချီပညာရပ်ဆိုင်ရာတွေကို ဓာတ်ပုံမှာ အများဆုံးသုံးဖြစ်တဲ့ အခန်းကဏ္ဍဖြစ်တဲ့ ဓာတ်ပုံရဲ့ဖွဲ့စည်းမှု အရောင်အယူအဆတွေ ဒါတွေကို ပန်းချီပညာရပ်ပိုင်းကနေ အများဆုံးပြန်ပြီးအသုံးချပါတယ်။

ဓာတ်ပုံတစ်ပုံကိုဖန်တီးတဲ့နေရာမှာ ဘယ်အပိုင်းတွေကများ အဓိက အရေးကြီးဆုံးဖြစ်မလဲဗျ။

ဟုတ်ကဲ့ ကျွန်တော်တို့ဆရာတွေ သင်ကြားပေးခဲ့တဲ့ ပုံစံအရဆိုရင် ဒီ Photography ဆိုတာ ဓာတ်ပုံအနုပညာပေါ့။ အနုပညာဖြစ်တဲ့အတွက် Art & Science ပေါ့။ ကျွန်တော်တို့အသုံးပြုနေတဲ့ ကင်မရာတွေ Lens တွေ စသည်ဖြင့်ပေါ့။ ဒီအထောက်အကူပြုပစ္စည်းတွေက Science ပေါ့။ သိပ္ပံပညာသဘောတရားအရ Physics သဘောတရားတွေက ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းစနစ်ပိုင်းတွေပေါ့။ Art ကကျတော့ ကျွန်တော်တို့ ဓာတ်ပုံတစ်ပုံပေါ်မှာ စိတ်ခံစားမှု ဒီဟာတွေက အများကြီးအခြေခံကျတယ်။ ကိုယ်ဒီပေါ်မှာ ဘယ်လောက်ထိခံစားလဲ။ ဒီပေါ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုအပေါ်မှာ ကိုယ်ဘယ်လိုသုံးသပ်လဲ။ ဒါတွေကအတွေ့အကြုံတွေနဲ့ ပြန်ပြီးတော့ပေါင်းစပ်ရတယ်။ နည်းပညာနဲ့ အနုပညာ ငါးဆယ်ငါးဆယ်ပေါ့။ အဲဒီလိုပဲ ကျွန်တော်ဆိုချင်ပါတယ်။

အပြည့်အစုံကို http://www.mizzimaburmese.com မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။




အင်တာဗျူး အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/27074

Recommended