DVB - ပြည်သူ့လွှတ်တော်မှာ အမျိုးသမီးဝန်ထမ်းချင်း ဓားထိုးမှု ဖြစ်ပွား

  • 8 years ago
နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မနက်ပိုင်းက ဝန်ထမ်းချင်းဓားထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဇမ္ဗူသီရိမြို့နယ် ရဲမှူးက ပြောပါတယ်။

နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်းရှိ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မနက်ပိုင်းက ပြည်သူ့လွှတ်တော်က လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူကို ရုံးအကူဝန်ထမ်းက ဓားထိုးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို လာရောက်စစ်ဆေးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ် ရဲမှူးဆန်းအောင်က ပြောပါတယ်။

“ရုံးအကူနေပြီးမှ ထိုးတာ စီးပွားရေးကိစ္စ။ ဖုန်းအရောင်းအဝယ်ကိစ္စ၊ မစိုးရိမ်ရပါဘူး။ အမှုဖွင့် သွားမှာပါ။ အိမ်သုံးဓားလေးနဲ့ ထိုးတာပါ။ ဒဏ်ရာကလည်း မများပါဘူး”လို့ ရဲမှူးဆန်းအောင်က ဆိုပါတယ်။

အဲ့ဒီဓားထိုးမှုဟာ ဝန်ထမ်းအချင်းချင်း ဖုန်းအရစ်ကျရောင်းချရာကနေဖြစ်ပွားတာဖြစ်ပြီး ဓားထိုးခံရ တဲ့ လက်ထောက်ညွှန်ကြားရေးမှူးကတော့ နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီလို့ လွှတ်တော်ရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။

နေပြည်တော် ကုတင် ၁၀၀၀ ဆန့်ဆေးရုံ ၀န်ထမ်းတဦးကတော့ နောက်ကြော ပြတ်ရှဒဏ်ရာ တချက်ရတဲ့အတွက် ချုပ်ပြီ ဆေးထည့်ပြီး ပြန်သွားတယ်လို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါ တယ်။

ဓားနဲ့ ထိုးသူက လွှတ်တော်ရုံးအကူ မသန္တာဖြစ်ပြီး ဓါးထိုးခံရသူကတော့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်း ဖြစ်တယ်လို့ ရဲက အတည်ပြုပါတယ်။
DVB TV -05.10.2016

Recommended